Friday, March 14, 2008

ဒုက္ခသည်


ရှေ့မှာ မှောင်နေတာပဲ

နောက်ပြန်ကြည့်တော့
ငါတို့ ရွာလေး မီးလောင်နေတယ်။

ငါတို့ နေရာ
ငါတို့ မြေယာ
ငါတို့ ရွာ
ငါတို့ ထားခဲ့ရ။

အော်ကြ ...
ဟစ်ကြ ...
ပြေးကြ ...
လွှားကြ ...
တချို့ သေခဲ့ကြ ... ။

နေရောင်တစက်မှ မထိုးတဲ့
တော တောင်ကြားမှာ
ငါတို့
အရိပ် မတွေ့ခဲ့။

ဒီရေ ...
ဒီမြေ ...
ဒီတော ...
ဒီတောင် ...
ဒီၤဘာသာ ...
ဒီစကား ...
ငါတို့ ဘိုးဘွားတွေပိုင်ခဲ့တယ်
ငါတို့ မိဘတွေပိုင်ခဲ့တယ်
ငါတို့ ပိုင်တယ်။

ငါတို့ ဒီမြေမှာ မွေးခဲ့တယ်
ဒီမြေမှာပဲ သေချင်တယ်
"ငါတို့ ရင်ဘတ်တွေထဲ
ကျည်ဆံ တတွဲလောက်
ဆွဲထည့် လိုက်စမ်းပါ" ။

ခြေကျိုး
လက်ပြတ်
မိမဲ့
ဖမဲ့
လူမျိုးမဲ့ရတော့မယ့် ဘ၀များ
လမ်းပျောက်နေတဲ့ ခြေလှမ်းများ
မွေးရာပါ အခွင့်အရေးများ
ကကြီးခကွေးတောင် သင်ခွင့်မရတဲ့ ကလေးများ
နေ၀င်လို့မှ
ထမင်းတနပ်တောင် မစားလိုက်ရတဲ့ နေ့များ
ခြေတစ်လှမ်းစာမျှ
ကြိုတွေးလို့မရနိုင်တော့တဲ့ အနာဂတ်များ။

ရှေ့မှာ မှောင်နေတာပဲ
တောခြောက်သလို
တဒိုင်းဒိုင်း ပစ်ဖောက်နေတဲ့ စစ်သေနတ်တွေအောက်က
နေ့ မနား
ညမနား
ဒေါနတောင်တန်းကိုဖြတ်
သောင်ရင်းတဖက်ကို ရောက်ပြန်တော့
မျက်ရည်ကျရ
စို့နင့်ရ
မောပန်းရ
ရှေ့မှာ မှောင်နေသေးတယ်။

ငါတို့ဟာ
စစ်ခွေး အကိုက်ခံရမယ့်
ဒုက္ခက လွတ်မြောက်လာတဲ့
ဒုက္ခသည်
ငါတို့ဟာ
ဒုက္ခသည်
ရှေ့မှာ မှောင်နေတုန်းပဲ။

လက်တွေတွဲထား
တနေ့
သမိုင်းတပတ် ပြည့်တဲ့နေ့
သစ္စာပန်းတွေ ဝေတဲ့နေ့
မေတ္တာပန်းတွေ ဝေတဲ့နေ့
အဲဒီတနေ့မှာ
ငါတို့
ကုပ်ယူခဲ့တဲ့ မြေကြီးတဆုပ်နဲ့
ငါတို့ရွာကို ပြန်ရှာမယ်။ ။

ကျော်သူမိုးမြင့်

No comments: